ရယ်သံများ
လူတွေရဲ့ ရယ်သံကို စွဲလန်းစရာတစ်ခုလို့ ထင်မိပါသလား.. ကျွန်မအတွက်တော့ လူတွေ၏ ရယ်သံသည် စွဲလန်းစရာတစ်ခုဖြစ်ပါသည်.. ဟိုး ငယ်ငယ် မှတ်မိတတ်စအရွယ်ကတည်းက ရယ်သံများကိုကြားဖူးခဲ့သည်.. ပျော်ရွှင်စွာရယ်သံ.. စိတ်လှုပ်ရှားစွာရယ်သံ.. တစ်ခုခုကို ဖုံးကွယ်ချင်၍ ရယ်သောအသံ.. လှောင်ရယ်သံ.. ကလေးငယ်များ၏အပြစ်ကင်းသော ရယ်ခြင်းသက်သက်ကြောင့် ဖြစ်လာသောအသံ.. အမျိုးမျိုးကို ကျွန်မကြားဖူးသော်လည်း ရယ်သံများကို စွဲလန်းတတ်လာသည်ကတော့ ကျွန်မအသက် ၁၅ နှစ်လောက်မှာမှဖြစ်သည်..
ကျွန်မ ၉ တန်းတုန်းက ကျွန်မတို့ မောင်နှမဝမ်းကွဲ ၃ ယောက်ရွယ်တူ အတန်းတူတွေရှိနေတော့ ဘာသာစုံကျူရှင်ယူဖို့ကို ကျွန်မအဖွားအိမ်မှာ ဝိုင်းလုပ်ဖြစ်သည်.. ကျွန်မတို့ မောင်နှမ ၃ ယောက်အပြင် တခြားသူငယ်ချင်း ၅ ယောက်နှင့် အားလုံးပေါင်း ၈ ယောက်.. တစ်နေ့ကျတော့ မြန်မာစာအချိန်အပြီးမှာ ကျွန်မအမေရော တခြားအဒေါ်တွေပါ ကျွန်မတို့စာသင်ရာနေရာကို ရောက်လာကြသည်.. ကျွန်မအဖွားအိမ်မှာက အဒေါ်တွေ ဦးလေးတွေ မကြာခဏလာလာစုံကြလေ့ရှိပြီး လာတိုင်းလည်း ကျွန်မတို့ကျူရှင်ခန်းလေးရှိရာကို ချောင်းကြည့်တတ်ကြတာပါပဲ.. သို့သော်အဲသည့်နေ့ကတော့ ကျွန်မတို့ကို ဆရာမက အစမ်းစာမေးပွဲစစ်သည့်နေ့ဖြစ်ပါသည်.. အမေတွေအဒေါ်တွေရောက်လာချိန်မှာ ဆရာမက ကျွန်မကို ချီးကျူးစကားဆိုနေချိန်ဖြစ်သည်.. ကျွန်မ တော်ကြောင်း မြန်မာစာ ကျက်အားမှတ်အား.. နောက် စာဖတ်အား.. စိတ်ဝင်စားမှုတို့အပြင် လက်ရေးလက်သားကအစ ကောင်းသည်ဟု ကျွန်မချီးကျူးခံနေရချိန်ဖြစ်ပါသည်.. အဲသည့်နေ့က မေမေရယ်သည်.. ကျွန်မအမေရယ်နေတာကို ကြည့်ပြီး ကျွန်မသိပ်ပျော်သွားပါသည်.. ခုချိန်ထိ မေမေလို့ စဉ်းစားရင် အဲသည့်နေ့က ဆရာမက သူ့ဘက်လှည့်ပြီး ပြုံးပြလိုက်ချိန်မှာ ပြန်ရယ်ပြလိုက်သည့်ပုံစံကိုသာမြင်ယောင်နေမိသည်.. ခပ်ရွှင်ရွှင် ခပ်မြူးမြူးရယ်သံ.. ဘဝင်မြင့်သော ဂုဏ်ယူနေသော.. အနည်းငယ်ကြွားလိုသည့်ဟန်ပါနေသည့် မိခင်တစ်ယောက်၏ရယ်သံကို ကျွန်မသိပ်ချစ်သွား၏..
နောက်ထပ် စွဲလန်းမိသည့် ရယ်သံတစ်ခုက ကျွန်မသူငယ်ချင်းတစ်ယောက်၏ အသံဖြစ်သည်.. ဘဝမှာ ပျော်စရာတွေနည်းပါးနေသူတစ်ယောက်၏ ရယ်သံသည် သိပ်ချစ်ဖို့ကောင်းပါသည်ဟု ကျွန်မကပြောရင် မယုံမကြည်များဖြစ်နေကြမလား.. သို့သော် သူရယ်လိုက်ရင်ဖြင့် တကယ်ကိုချစ်စရာကောင်းပါသည်.. အနည်းဆုံးတော့ ကျွန်မအတွက်ပေါ့လေ.. သူ့ရယ်သံကို တယ်လီဖုန်းလိုင်းကြိုးများမှတဆင့်သာ ကြားဖူးသော်လည်း ကျွန်မတစ်သက် ဘယ်တော့မှ မေ့မည်မထင်ပါ.. သူ စကားပြောလျှင် ခပ်ဝဲဝဲခပ်မြန်မြန်.. သူ့အသံက ချိုချိုဖျော့ဖျော့.. ရယ်လိုက်လျှင် သူ့အသံက ပိုချိုသွားကာ ပို၍ငယ်သွားသလိုပဲ.. သူက ရယ်စရာပြောသောအခါ အဆုံးသတ်မှာ `ဟာဟာဟ´ ဆိုသော အသံလေးဖြင့် ဆုံးသွားတတ်သည်.. `မိန်းကလေးအိမ်ပြန်ချိန်ဆိုတော့ ကိုးနာရီခွဲပေါ့ဗျာ.. ဟာဟာဟ´ တဲ့.. ကျွန်မဆီ ဖုန်းဆက်သော ညတစ်ညမှာ အိမ်မှာ ကျွန်မရှိမနေသဖြင့် သူက ထိုသို့စနောက်ဖူးပါသည်.. `ဟာဟာဟ´ဆိုသော ပြောင်ချော်ချော်ရယ်သံကို သူ့လိုချစ်စရာကောင်းအောင် ရယ်တတ်သူ ကျွန်မ မကြုံဖူးသေးပါ.. များများရယ်သင့်တယ်လို့ သူ့ကို ကျွန်မကပြောတော့ သူက သိသည်ဟုဆိုခဲ့ပါသည်.. “ဖြစ်နိုင်ရင် ကျနော်လည်း ရယ်နေချင်တာပေါ့ဗျာ” တဲ့.. နာကျင်သံစွက်နေသော ချစ်စရာကောင်းသည့် သူ့ရယ်သံတိုးတိုးကို ကျွန်မစွဲလန်းမိပြန်ပါသည်..
ကလေးတွေ၏ တခစ်ခစ်ရယ်သံကိုလည်း ကျွန်မနှစ်သက်ပါသည်.. စိတ်လှုပ်ရှားမြူးထူးမှုကြောင့် အော်လိုက်သော အား ကနဲအသံသေးသေးလေးတွေသည် ရယ်သံဟုခေါ်လား မခေါ်လားတော့ ကျွန်မ မပြောတတ်.. သို့သော် အဲသည့်အသံလေးတွေကို ကျွန်မအရမ်းချစ်တာပဲ.. ကျွန်မက ကလေးချစ်တတ်သူတစ်ယောက် မဟုတ်ပါ.. ကလေးများကို ကျွန်မကြောက်ပါသည်.. စိတ်လည်းမရှည်လှ.. ချစ်စရာကောင်းသောကလေးငယ်များတွေ့လျှင် ခဏတာချော့မြှူ ဆော့ကစားတတ်တာကလွဲလို့ ကလေးများကို ကြာရှည်မထိန်းကျောင်းတတ်ပါ.. သို့သော် သူတို့ဆီမှ ကြားရတတ်သည့် အဖြူထည်သက်သက် အသံလေးများကိုတော့ ကျွန်မနှစ်သက်မိ၏.. ကလေးငိုသံကြားလျှင် ကျွန်မအင်မတန်ဒေါသထွက်တတ်ပြီး အလကားအဓိပ္ပါယ်မရှိ ရယ်နေတတ်သည့် ကလေးများကိုတော့ တစ်ချို့လူကြီးများက ဟန့်တတ်သော်လည်း ကျွန်မကတော့သဘောကျမိသည်.. ကလေးတို့၏ ရယ်သံသည် ကျွန်မကို စိတ်ကြည်လင်စေပါသည်..
ကျွန်မအစ်ကိုက စိတ်လှုပ်ရှားလာလျှင် ရယ်လေ့ရှိသည်.. သဘောကျလျှင်.. တစ်ခုခုကိုဖုံးကွယ်လိုလျှင်.. သူ မပြောချင်သော အကြောင်းအရာတစ်ခုခုကို ရှောင်ရှားလိုလျှင် ရယ်ပါသည်.. သူ့ရယ်သံက ခပ်ကျယ်ကျယ် ခပ်မြန်မြန်.. ဟားဟားဟားဟူသော အသံခပ်မြန်မြန်ပြီးလျှင် ရှိုက်သံဖြင့် အဆုံးသတ်သွားလေ့ရှိသည်.. “ဟိုးဟိုးဟိုး”ဆိုသော အသံမျိုးကိုလည်း သူမို့လို့ ရယ်တတ်သည်.. သူ့စိတ်ပင်ပန်းမှုများအကြောင်း ဒါမှမဟုတ် သူ့ကောင်မလေးအကြောင်း ကျွန်မကမေးလျှင် ပထမတစ်ခွန်းမှာ သူစနောက်၍ဖြေမည်.. နောက်တစ်ခါ အတည်ထပ်မေးလျှင် “ဒီလိုပါပဲ”.. “အဆင်ပြေပါတယ်”.. “ဒီလိုပဲပေါ့” စသည့် မရေမရာ စကားများဖြင့်ဖြေတတ်ပြီး.. သေချာပြောပြဖို့ ကျွန်မတောင်းဆိုလျှင် သူရယ်တော့မည်.. “ဘာလုပ်ဖို့လဲ ဒီလိုပါပဲ အဆင်ပြေပါတယ်ဆို” .. ကျွန်မက ရယ်စရာပြောသည့်အခါ.. ကျွန်မက သူ့ကိုစနောက်သည့်အခါ ပျော်ရွှင်ပေါ့ပါးစွာ မျက်စိနှစ်လုံးစလုံး မှေးစင်းသည်အထိ သူရယ်မည်.. ကျွန်မကို တစ်ခုခုဖုံးကွယ်ချင်လျှင် မျက်လုံးချင်းရှောင်ရှားလျက် သူရယ်မည်.. သူ့ကိုယ်သူ သဘောကျလျှင်.. မပြောချင်သည့်အကြောင်းအရာ တစ်ခုနှင့်ဆုံလာလျှင်သူရယ်မည်.. အင်မတန်ရိုးရှင်းလှသော ရယ်သံကိုပိုင်ဆိုင်ထားသော်လည်း ဘယ်နေရာမှာကြားကြား အဲ့ဒါကျွန်မအစ်ကိုရဲ့ရယ်သံလို့ ခွဲခြားသိနိုင်လောက်သည်ထိ ကျွန်မ သူ့ရယ်သံကို ချစ်ပါသည်..
နောက်ထပ် ကျွန်မကို ရင်ခုန်စေတာကတော့ ကျွန်မချစ်သူ၏ လှောင်ရယ်သံဖြစ်သည်.. “အဟက်”ဟူသောအသံဟု အနီးစပ်ဆုံးအသံဖလှယ်နိုင်မည်ထင်၏.. ထိုအသံအတွက် နှုတ်ခမ်းလှုပ်ရှားမှုက ညာဘက်နှုတ်ခမ်းထောင့်စွန်းလေးတွန့်ကွေးရုံသာ..  သူ့နှုတ်ခမ်းပါးပါးလေး၏ အလှုပ်အရှားမှာ ကြည့်ကောင်းသည်ဟု ကျွန်မ ထင်ပါသည်.. ကျွန်မညာနေသည်ဟု သူသိကြောင်းပြသသည့် ခပ်ထေ့ထေ့လှောင်ရယ်သံ.. ကျွန်မဖန်တီးထားသော အနုပညာတစ်ခု လွဲချော်နေလျှင် ခေါင်းခါလျက် ရယ်တတ်သည့် ချစ်စနိုးလှောင်ရယ်သံ.. ဘဝ၏ရယ်စရာမောစရာ လှောင်ချင်စရာများကို အရွဲ့တိုက်သည့် အားရပါးရလှောင်ရယ်သံ စသည်ဖြင့် သူ့နှုတ်ခမ်းလေးတစ်ချက်အကွေး.. “အဟက်”ဆိုသောအသံလေး၏ နောက်ကွယ်မှာ အကြောင်းရင်းများစွာရှိနေတတ်သည်.. လှောင်ရယ်သံသည် ကောင်းသော အတိတ်နိမိတ်မဟုတ်မှန်း ကျွန်မသိသော်လည်း သူ့ရယ်သံကိုတော့ မစွဲလန်းပဲမနေနိုင်ခဲ့ပါ.. ကျွန်မကို လှောင်ပြောင်နေသည်ဖြစ်ပါစေဦး ထိုရယ်သံကို ကျွန်မ ရင်ခုန်ပါသည်.. တစ်ခါတလေ တစ်စုံတစ်ခုကိုသဘောကျလို့ သူ တဟားဟားရယ်မောနေလျှင် ကျွန်မ အမြင်ကပ်တတ်သော်လည်း ထီမထင်မျက်နှာပေးဖြင့် ခပ်ထေ့ထေ့လေးလှောင်ရယ်လျှင်တော့ ကျွန်မသူ့ကို သိပ်သဘောကျမိသည်.. ချစ်သူ၏ လှောင်ရယ်သံများကို စွဲလန်းရင်ခုန်နေခြင်းကြောင့် ကျွန်မကို အတော်လေးရူးသွပ်သည့် မိန်းမတစ်ယောက်ဟုများ သတ်မှတ်ကြမည်လားမသိ..
ရယ်သံကိုမနှစ်သက်သောသူဆိုတာ ကမ္ဘာပေါ်မှာ သိပ်ရှားမှာပါ.. ကျွန်မလိုပဲ တစ်ချို့ရယ်သံများကို စွဲလန်းရူးသွပ်တတ်သူရော ရှိနိုင်ပါသလား.. ကျွန်မအထီးကျန်အဖော်မဲ့နေတိုင်း.. ကျွန်မမှာ စကားပြောရမည့် တိုင်ပင်ဆွေးနွေးရမည့်လူ မရှိချိန်တိုင်းမှာ.. ထိုခဏလေးများမှာ ကျွန်မမှတ်မိရင်းနှီးနေသော ရယ်သံများက ရှေ့ဆက်နိုင်ဖို့ခွန်အားတွေကို ပေးတတ်၏.. မေမေ့ရယ်သံကိုကြားလျှင် ကျွန်မအားတက်လာသည်.. ချစ်သူ၏ ရယ်သံကြောင့် ကျွန်မ ရင်ခုန်လှိုက်မောရသည်.. သူငယ်ချင်း၏ ရယ်သံချိုချိုလေးကို ကြားယောင်လျှင် ကျွန်မနွေးထွေးလာရသည်.. အစ်ကို့၏ ခွန်အားရှိသောရယ်သံကြောင့် ကျွန်မတက်ကြွလာသည်.. ကလေးငယ်များ၏ ရယ်သံများကြောင့် ကျွန်မလွတ်လပ်ပျော်ရွှင်လာရသည်.. ရယ်သံများကို ကျွန်မချစ်ပါသည်.. ရယ်သံများကို ကျွန်မရင်ခုန်စွဲလန်းပါသည်.. ရယ်သံများကို ကျွန်မစောင့်မျှော်နေပါသည်..
သင်ရော …
ရယ်သံများကို သတိပြုမိပါရဲ့လား .. … …..
Advertisement
13 Responses to ရယ်သံများ
  1. 14 Responses to “ရယ်သံများ”
    1.ုkom Says:
    March 29th, 2009 at 10:36 am
    သိတ်ပြောတတ်တယ် နန်းညီ. ပိုချစ်လာမိပြီ.။
    2. thetpaingthu Says:
    March 29th, 2009 at 10:49 am
    အဟက်……
    အဟက်လို့ ရယ်တတ်တာ အနော်ပါ….
    ခွိယယယခွိ
    3. Phyo Evergreen Says:
    March 29th, 2009 at 12:37 pm
    ရယ်သံတွေနားထောင်သွားတယ်။ ဟုတ်တယ် တစ်ခါတစ်လေရယ်သံလေးတွေချစ်စရာကောင်းတယ်.. နားဝင်ချိုတယ်။
    4. အန်တီချမ်း Says:
    March 29th, 2009 at 12:39 pm
    အဟက် ဟက် ဟက် (ဒါက ချစ်သူရဲ့ မခိုးမခန့် ရယ်သံပေါ့။ သူသူ ကတော့ အဲဒါသူ ဆိုပဲ)
    အဟွင်းဟွင်းဟွင်း (ဒါက တီတီ ရဲ့ ဂုဏ်မောက်ရယ်သံ)
    အဟွန်း (ဒါကတော့ နို ကို မီ ကို ဇူးဇင် တို့ ရဲ့ မင်းသားတွေ ရဲ့ ထေ့ရယ်)
    ခွိခွိခွိ (ဒါလေးက ကလေးလေး ရယ်တာ)
    ခစ်ခစ်ခစ် (ဒါက ၁၆ နှစ် ပြည့် စ ပျိုပျိုမ ရယ်တာ)
    ဟားဟားဟား (ဒါက ကိုကို ရယ်တာလို့ပြောတယ်)
    သွပ် သွပ် သွပ် သွပ် (ဟော ဒါလေး ကျတော့ မောင်မောင် ပေါသွပ်ရယ်တာ)
    ၀ူး ထွားဟားဟား ၀ါးလားလား (ဒါက အာတာလွတ်မြို့စားကြီးရယ်တာ)
    ဗြဲ (ဒါက ပေတရာ)
    နောက်မှ ဆက်ပြောပေးမယ် ကျန်သေးတယ်
    ခုတော့ သွားစရာရှိလို့ ခစ် ခွိ ခိ ဟား ဗြဲ အဟက် အဟွင်း အ ဟွန်း
    5. မနော်ဟရီ Says:
    March 29th, 2009 at 1:19 pm
    စွဲလန်းနေမိတဲ့ရယ်သံဆိုလို့တစ်ခုတည်းရှိတယ် ကိုကို့ရယ်သံ..း)
    6. Boyz Says:
    March 29th, 2009 at 1:32 pm
    7. tune Says:
    March 29th, 2009 at 4:36 pm
    လောလောဆယ်မှာ ကိုယ့်ရဲ့ အကြိုက်ဆုံး စာရေးဆရာမ ဖြစ်နေပြီ။
    8.ွGreenGirl Says:
    March 29th, 2009 at 7:21 pm
    ပြောလည်းပြောတတ်တယ် ညီရယ် …
    9. လင်းဒီပ Says:
    March 29th, 2009 at 7:43 pm
    ရယ်သံလေးတွေကို အခုမှပဲ ခွဲခြမ်းမိတယ် ။
    ရယ်သံလေးတွေ အားလုံးက စိတ်ကို ရွှင်လန်းစေတဲ့ အားတွေပါပဲ။
    လှောင်ရယ်သံတွေက လွဲလို့ပေါ့..။
    10. littlebrook Says:
    March 29th, 2009 at 7:49 pm
    ဘာရေးရမတုန်း မိညီမရဲ့ လှတယ်နော်
    ငါ အခုပြုံးနေတယ် နင်မြင်လား ဘယ်လိုပုံဖြစ်မယ်ထင်လဲး)
    11. ဖိုးဂျယ် Says:
    March 30th, 2009 at 12:31 am
    ဟား ဟား ဟား သူမသိတာလဲ
    ဘာမှ မရှိဘူး လက်လန်တယ်း)
    12. myo Says:
    March 30th, 2009 at 3:58 pm
    နန်းညီရေ..ဖတ်လို့ကောင်းလိုက်တာ..
    ရယ်သံတွေကို လိုက်ခံစားထားတာကိုး…
    13. msd Says:
    March 30th, 2009 at 8:42 pm
    I agree with ma naw ha yee.
    good post. :)
    14. သီဟသစ် Says:
    March 30th, 2009 at 9:11 pm
    ရယ်သံလေးတွေကို ခံစားလိုက်တာ မိုက်တယ် နန်းညီရေ။
  2. စာရေးကောင်းတယ်ဟ….။
  3.ွရယ်သံတွေကို လာနားထောင်သွားတယ်…။
  4. ဘာလို့ အဟောင်းကြီးပြန်တင်တာလဲ..အဟွန်း..
    ဘူးထွားဟားဟား..
    ဟိုးဟိုး..
    ဟီးဟီး…
    ဟ ဟာ ဟား…
  5. ရယ်သံတွေက ချစ်စရာကောင်းတဲ့ ရယ်သံတွေရှိတာ လက်ခံတယ်…
    ဘယ်လိုမှ ရီတယ်လို့ ခံစားလို့မရတဲ့ အသံတွေမျိုးလဲ
    ကြုံဖူးတယ် …
    ဘာပဲပြောပြော စာရေးကောင်းတယ်…
  6. ကျန်တော့ ရယ်သံကို ခံစားပြီး ရေးပေးပါအုန်းဗျာ…ကျန်တော့ကတော့ သိပ်ပျော်ရင် (ကွိကွိ ) လို့ ရယ်တတ်တယ်ဗျ..ကိုယ်ကိုကိုယ်လည်း ဘာကောင်ဖြစ်နေပြီလည်း မသိပါဘူးဗျာ..ကွိကွိကွိ
  7. နောက်တစ်ပုဒ်က ငိုသံများ
  8. ဒီ ရယ်သံများ တော့ မဖတ်ဖူးသလိုပဲ…
    ဝါးဟားဟားဟား…. ဘူးထွားဟားဟား
    ဒါက မသမာရယ်သံ…။ အဲဒီရယ်သံကကော ချစ်စရာမကောင်းဘူးလား… ?
  9. ဂျစ်ကန်ကန်နဲ့ နန်းညီရယ်သံပဲ သတိထားမိတယ်။
  10. သောင်းဟန်
    ရွှီးဖျောင်းဖျောင်း…………အလွန်ကောင်းကြောင်း
  11. ညီမလေးက အက်ဆေးရေးတာ အရမ်းကောင်းပဲ။ မမစာလေးကို သိမ်းသွားပြီဆိုလို့ ဒီလိုပြောတာ မဟုတ်ဘူးနော် ညီမလေး။ တကယ် ဖတ်လို့ကောင်းတယ်။ ရင်ထဲစွဲသွားတယ်။
Leave a Reply
Fill in your details below or click an icon to log in:
WordPress.com Logo
You are commenting using your WordPress.com account. Log Out / Change )
Twitter picture
You are commenting using your Twitter account. Log Out / Change )
Facebook photo
You are commenting using your Facebook account. Log Out / Change )
Connecting to %s